မြောက်ပိုင်းနယ်မြေ လွှတ်တော် (Northern Territory’s (NT) Parliament) အလုပ်လုပ်ပုံနှင့် ထိုလွတ်တော်ရွေးကောက်ပွဲများတွင် မဲပေးပုံကို နားလည်ခြင်းသည် သင့်မဲအား ထည့်သွင်းရေတွက်နိုင်စေရေးအတွက် အလွန်အရေးကြီးပါသည်။
NT တွင် သင်သည် လေးနှစ်တစ်ကြိမ် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်သည့်ဒီမိုကရေစီလုပ်ငန်းစဉ်တွင် ပါဝင်ပါသည်။ ဤကိုယ်စားလှယ်များအား သင့်ကိုယ်စား ဥပဒေများကို ပြန်လည်သုံးသပ်ရန်နှင့် အသစ်ရေးဆွဲရန် တာဝန်အပ်နှင်းထားသည်။
ပုံမှန်အားဖြင့် ကိုယ်စားလှယ်လောင်းများသည် နိုင်ငံရေးပါတီများမှ ဖြစ်ကြသော်လည်း အချို့က တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ နိုင်ငံရေးပါတီတစ်ခုသည် ၎င်း၏ ကိုယ်စားလှယ်လောင်းအများစုအား ဥပဒေပြုလွှတ်တော် (Legislative Assembly) တွင် ရွေးကောက်ခံရပါက NT အစိုးရ (NT Government) ဖွဲ့စည်းနိုင်သည်။ အစိုးရဖွဲ့နိုင်ခြင်းမရှိသော အများဆုံးရပါတီသည် အတိုက်အခံ (Opposition) ဖြစ်လာသည်။ နောက်တစ်နည်းမှာ မဲအများစုမရသော ပါတီများနှင့် ကိုယ်စားလှယ်လောင်းများပူးပေါင်း၍ အစိုးရဖွဲ့နိုင်ပါသည်။
ရွေးကောက်ခံကိုယ်စားလှယ်များကို ဥပဒေပြုလွှတ်တော်အဖွဲ့ဝင်များ (Members of the Legislative Assembly (MLA)) ဟု ခေါ်ပါသည်။ MLAs သည် ဥပဒေပြုလွှတ်တော်တွင် သက်ဆိုင်ရာ ခရိုင်များ သို့မဟုတ် မဲဆန္ဒနယ်မြေများကို ကိုယ်စားပြုသည်။
NT လွှတ်တော်ကို လွှတ်တော်တစ်ခုတည်းဖြင့် ဖွဲ့စည်းထားသည် -
ဥပဒေပြုလွှတ်တော်သည် အဖွဲ့ဝင် 25 ဦးဖြင့် ဖွဲ့စည်းထားပြီး ဥပဒေပြုသည့်နေရာနှင့် နယ်မြေရသုံးငွေစာရင်းအတည်ပြုသည့် နေရာဖြစ်သည်။ အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ် (Chief Minister) ကို ဤလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ထားသည်။
ဥပဒေပြုလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းများမဲပေးခြင်းသည် အစိုးရဆုံးဖြတ်ချက်ချရာတွင် အရေးပါသောကြောင့် အလွန်အရေးကြီးပါသည်။ ဥပဒေအသစ်များ မပြဋ္ဌာန်းမီ ဥပဒေပြုလွှတ်တော်က သဘောတူရမည်။
နောက်ထပ်သတင်းထုတ်ပြန်ချက်များအတွက် NT လွှတ်တော်ဝဘ်ဆိုက်သို့ သွားပါ။