တက်စ်မေးနီးယားလွှတ်တော် (Tasmania’s Parliament) အလုပ်လုပ်ပုံနှင့် ထိုလွတ်တော်ရွေးကောက်ပွဲများတွင် မဲပေးပုံကို နားလည်ခြင်းသည် သင့်မဲအား ထည့်သွင်းရေတွက်နိုင်စေရေးအတွက် အလွန်အရေးကြီးပါသည်။
တက်စ်မေးနီးယား (Tasmania) ပြည်နယ်တွင် လေးနှစ်တစ်ကြိမ် လွှတ်တော်ကိုယ်စားလှယ်များကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ရာတွင် သင် ပါဝင်ရသည်။ ဤကိုယ်စားလှယ်များသည် သင့်ကိုယ်စား ဥပဒေများကို ပြန်လည်သုံးသပ်ရန်နှင့် အသစ်ရေးဆွဲရန် တာဝန်ရှိသည်။
ပုံမှန်အားဖြင့် ကိုယ်စားလှယ်လောင်းများသည် နိုင်ငံရေးပါတီများမှ ဖြစ်ကြသော်လည်း အချို့က တစ်သီးပုဂ္ဂလက ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ နိုင်ငံရေးပါတီတစ်ခုသည် ၎င်း၏ ကိုယ်စားလှယ်လောင်းအများစုအား ပြည်သူ့လွှတ်တော် (the House of Assembly) တွင် ရွေးချယ်ခံရပါက တက်စ်မေးနီးယားပြည်နယ်အစိုးရ (the Tasmanian State Government) ဖွဲ့စည်းနိုင်သည်။
ရွေးကောက်ခံကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ (Members of the House of Assembly (MHA)) သို့မဟုတ် ဥပဒေပြုကောင်စီအဖွဲ့ဝင်များ (Members of the Legislative Council (MLC)) ဟုခေါ်သည်။ MHAs သည် ပြည်သူ့လွှတ်တော်အတွင်းရှိ သီးခြားခရိုင်များ သို့မဟုတ် မဲဆန္ဒနယ်မြေများကို ကိုယ်စားပြုပြီး MLCs သည် ဥပဒေပြုကောင်စီ (Legislative Council) ရှိ သီးခြားဌာနခွဲများကို ကိုယ်စားပြုသည်။
တက်စ်မေးနီးယားလွှတ်တော်ကို အောက်ပါအတိုင်း လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည် -
ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) (House of Assembly (Lower House)) တွင် အဖွဲ့ဝင် 35 ဦး ပါဝင်ပြီး ဥပဒေများ ချမှတ်၍ ပြည်နယ်ငွေစာရင်းကို အတည်ပြုပေးသည်။ ဝန်ကြီးချုပ် (The Premier) သည် အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ဤလွှတ်တော်တွင် ရွေးချယ်တင်မြှောက်ရပါသည်။
ဥပဒေပြုကောင်စီ (အထက်လွှတ်တော်) (The Legislative Council (Upper House)) တွင် အဖွဲ့ဝင် 15 ဦးပါဝင်ပြီး ပြည်သူ့လွှတ်တော်မှ ချမှတ်သည့် ဥပဒေများကို ပြန်လည်သုံးသပ်သည်။ MLCs ကို ခြောက်နှစ်သက်တမ်းအတွက် ရွေးကောက်ပြီး ကောင်စီအဖွဲ့ဝင်တချို့သည် နှစ်စဉ် ရွေးကောက်ပွဲဝင်ရောက်ရသည်။
လွှတ်တော်နှစ်ရပ်စလုံးသည် အစိုးရဆုံးဖြတ်ချက်ချရာတွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်သောကြောင့် ထိုလွှတ်တော်နှစ်ရပ်စလုံးအတွက် ကိုယ်စားလှယ်လောင်းများမဲပေးခြင်းသည် အရေးကြီးပါသည်။ ဥပဒေသစ်များ မပြဋ္ဌာန်းမီ လွှတ်တော်နှစ်ရပ်စလုံးက သဘောတူရန် လိုသည်။
နောက်ထပ်ထုတ်ပြန်ချက်များအတွက် တက်စ်မေးနီးယား လွှတ်တော်ဝဘ်ဆိုက် သို့ သွားပါ။